စမတ်ဖုန်းနဲ့ လျှော်ဖွတ်လို့ရနိုင်မယ့် Samsung ရဲ့ အဝတ်လျှော်စက်
Samsung ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ ယင်းတို့ရဲ့ အဆင့်မြင့် စမတ်ပစ္စည်း မိသားစုထဲကို နောက်ဆုံး ဝင်ရောက်လာတာကတော့ WW9000 စမတ် အဝတ်လျှော်စက်ပဲ ဖြစ်ပါတယ်။ မှန်ပါတယ်။ ဒီ အဝတ်လျှော်စက်ကို သင့်ရဲ့ စမတ်ဖုန်းနဲ့ ထိန်းချုပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အဓိပ္ပါယ်ကောက် မလွဲစေချင်တာကတော့ အဝတ်လျှော်စက်နဲ့ သင့်ရဲ့ စမတ်ဖုန်း ချိန်ဆက် အသုံးပြုနိုင်တာ ယခုမှ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ Samsung အပါအဝင် LG၊ Haier စတဲ့ နာမည်ကျော် ကုမ္ပဏီတွေက ထုတ်လုပ်နေတဲ့ အဝတ်လျှော်စက် အတော်များများဟာ အဝတ်လျှော်လို့ ပြီးသွားတဲ့ အခါမှာ သင့်ရဲ့ စမတ်ဖုန်းထံကို အသိပေးနိုင်စွမ်း ရှိနေပါတယ်။
ဒါပေမယ့် WW9000 ကတော့ ဒီထက်ပိုပြီး ထူးခြားပြီး အဆင့်မြင့်မားပါတယ်။ Smart Control လို့ ခေါ်တဲ့ စနစ်ကို အသုံးပြုပြီး အဝတ်လျှော်ခြင်း၊ ရပ်ခြင်း၊ လျှော်ဖွတ်နေစဉ် အခြေအနေ၊ လျှော်ဖွတ်မှုပုံစံ စသည့် လုပ်ဆောင်ချက်များကို သင့်ရဲ့ စမတ်ဖုန်းကနေတဆင့် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာကတော့ အဝတ်အစား ပေကျံမှုပုံစံပေါ် မူတည်ပြီး ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ အသင့်လျော်ဆုံး လျှော်ဖွတ်မှုပုံစံကို ရရှိနိုင်တဲ့ လုပ်ဆောင်ချက်များလည်း ပါဝင်ပါတယ်။
ဒါတင် မဟုတ်သေးပါဘူး။ သမားရိုးကျ ထိန်ချုပ်ခလုတ်တွေအစား ၅ လက်မအရွယ် ကာလာ ထိတွေ့မှုသုံး မျက်နှာပြင် တပ်ဆင်ပေးထားလို့ အသုံးပြုရတာ လွန်စွာမှ ရိုးရှင်းလွယ်ကူလှပါတယ်။ အသုံးအများဆုံး လျှော်ဖွတ်မှုပုံစံ၊ မိမိအလိုရှာ ရေအပူချိန်၊ စက်လည်ပတ်မှုအရှိန် စတဲ့ လုပ်ဆောင်ချက်တွေကို ကြိုတင်သတ်မှတ်ထားခြင်း စတဲ့ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါရှိပါတယ်။
Samsung အနေနဲ့ WW9000 ကို လာမယ့် မေလအတွင်းမှာ ကမ္ဘာတစ်ဝန်း စတင်ဖြန့်ချိမှာဖြစ်ပြီး မြန်မာနိုင်ငံကိုလည်း မကြာမီ ရောက်ရှိလာဖွယ် ရှိနေပါတယ်။
Myanmar Consumer Guide
No comments:
Post a Comment